Monday, April 13, 2009

ရိုးစင်းသော ဇာတ်လမ်း

စားခွင့်မကြုံတဲ့ ကမ္ဘာဦးပန်းသီးတစ်လုံး
အချုပ်အတည်းကြားက မြည်းစမ်းခဲ့
သီတင်းကျွတ်မတိုင်မီညက အရမ်းချိုတယ်
အဲဒီတစ်ညပါပဲ
နောက်ပိုင်းရက်တွေဟာ ရနံ့ နဲ့ တောင်ဝေးခဲ့
ရင်ဘတ်ချင်းအပ်ခဲ့ရာမြို့ မှာ အလွမ်းတွေနှစ်နှစ်တိုင်တိုင်
အနာဂတ်ရှိရာမြို့ မှာ အဆွေးတွေသုံးနှစ်တိုင်တိုင်
ငါးနှစ်လုံးလုံး ထွန်ယက်ခဲ့တယ်
ပေါင်းသင်ပြီး ရေမလောင်းပဲ နေခဲ့တယ်
အညှောင့်လေးပေါက်ချိန်က
သတိရလို့ ပေါ်လာတဲ့ ဖုန်းသံဟာ
ပြီးခဲ့သော ငါးနှစ်ကအတိုင်းပဲ
ပြန်မဖမ်းနဲ့ တော့ ကြည်ဇာလွင်ရေ
အခုမှ...
လွတ်တဲ့ငါးဟာ ကြီးမှန်းသိသလား
ဒီလိုဆို
ငါကလည်း အမိမခံခဲ့ပါဘူးကွယ်။

လုလင်ငယ်သွေး

ကျောင်းသားဘ၀ကထုတ်တဲ့ ကဗျာစာအုပ်ထဲမှာ ပါခဲ့ဖူးတဲ့ ကဗျာလေးပါ။ ကဗျာမရေးနိုင်သေးခင် အဆာပြေပေါ့။ အချစ်ကဗျာကို ကျွမ်းကျွမ်းကျင်ကျင် မရေးတတ်ရေးတတ်နဲ့ ရေးထားတာပါ။

Saturday, March 21, 2009

ကျွန်တော့်ကို ကိုက်သွားတဲ့ ခွေးဝဲစား သန်းကြွယ်သူဌေး

ကမ္ဘာကြီးပြားပြီဆိုတော့
ခွေးဝဲစားတစ်ကောင်ကလည်း
ဟောလိဝုဒ်မှာ လူတွင်ကျယ်လုပ်နိုင်တယ်
ဆရာမြရဲ့သုခမြို့တော်ဟာ
ခွေးဝဲစားကျက်စားရာနေရာလည်းဖြစ်ရဲ့
ခွေးဝဲစားဟာ ဘယ်ကလဲ
မွမ်ဘိုင်းကလား
လန်ဒန်ကလား
တကယ်တော့ခွေးဝဲစားဟာ
အိန္ဒိယမိခင်ကမွေးပြီး
ဗြိတိသျှဖခင်ကခေါင်းကိုင်ခဲ့တာပါ
ခွေးဝဲစားမှာ
မေးခွန်းကိုးခုပါတယ်
ရူပီးသန်းနှစ်ဆယ်ပါတယ်
ဂျုဟူးရပ်ကွက်က ချိုင်းဝါးယားတစ်ယောက်ပါတယ်
ဂျာမယ်လ်မာလစ်ရေ
စာမတတ်တဲ့ ချိုင်ဝါးလားလေးရေ
မေးခွန်းတွေကို ဖြေလိုက်ကြစို့
မင်းက အမီတာဘဂျမ်းကိုသိတယ်
ဒေါ်လာတစ်ရာတန်ပေါ်က ဘင်ဂျမင်ဖရန်ကလင်ကိုသိတယ်
ခြောက်လုံးပြူးတီထွင်တဲ့သူကိုသိတယ်
အလက်ဇဒ္ဒါးဒူးမားဝတ္ထုထဲက တတိယမြောက်သူရဲကောင်းကိုသိတယ်
မင်းသိတာတွေကများလွန်းရဲ့
မင်းဘ၀ပေးကံနည်းလွန်းခြင်းက တန်ဖိုးရှိလွန်းတယ်
ကျွန်တော့်ကိုရော
ဘယ်သူကမေးမှာလဲ
အင်နီကာပူးရ်က မေးမှာလား
ကမ္ဘာကြီးကမေးမှာလား
တကယ်တော့ ကျွန်တော်ဟာ ဘာမှမသိတဲ့ကောင်ပါ
ကမ္ဘာကြီးရေ
ခင်ဗျားတရားရဲ့လား
လူဆိုတာသူ့ ကုသိုလ်နဲ့သူလာတာပါလို့
ခင်ဗျားကပြန်ပြောမယ်
အခု ခွေးဝဲစားကတောင်ကမ္ဘာကျော်နေပြီ
ကျွန်တော့်ကိုလည်း
ကမ္ဘာကျော်ခွေးဝဲစားက ကိုက်လိုက်ပြီ
ဒဏ်ရာတွေကများလွန်းရဲ့
ဂျူဟူးရပ်ကွက်ရဲ့အိမ်ကြိုအိမ်ကြားက ရေဆိုးမြောင်းထဲမှာ
အမီတာဘဂျမ်းဓါတ်ပုံပေါ်က အော်တိုလက်မှတ်မှာ
လူအပြည့်အသိပ်နဲ့  အိန္ဒိယရထားတွေပေါ်မှာ
ဂျာမယ်လ်မလစ်ရဲ့ နောက်ကြောင်းပြန်တွေထဲမှာ
ရူပီးသန်းနှစ်ဆယ်ရဲ့ နောက်ဆုံးအဖြေထဲမှာ
ဒဏ်ရာတွေ
သွေးမထွက်တဲ့ဒဏ်ရာတွေ
မိတ်ဆွေ
ခင်ဗျားလည်း သတိထားပါ
ရုပ်ရှင်ရုံတွေနား မသွားနဲ့ 
ခွေးဝဲစားကိုက်လိမ့်မယ်။

လုလင်ငယ်သွေး

မနော်က မတ်လ ၂၁ ရက်နေ့  ကမ္ဘာကဗျာနေ့ မှာ ကဗျာတင်ဖို့ ပြောတော့ တစ်ကမ္ဘာလုံးက ခံစားနိုင်မယ့် ဒီကဗျာကို တင်ပေးလိုက်ပါတယ်။ ကဗျာက slumdog millonaire ဇာတ်ကားကြည့်ပြီး ရေးထားတာပါ။ ဇာတ်ကားမကြည့်ခင်ကတည်းက ဆရာမြသန်းတင့်ရဲ့ သုခမြို့ တော်၊ ဆရာမောင်စူးစမ်းရေးတဲ့ ၂၀၀၆ ဒါဗို့ စ် ကမ္ဘာစီးပွားရေး ညီလာခံက အိန္ဒိယအကြောင်းတွေက ရင်ထဲရောက်နေခဲ့တာပါ။ ဇာတ်ကားထဲမှာ အစ်ကိုဖြစ်တဲ့ စလင်းက ညီဖြစ်တဲ့ ဂျာမယ်လ်ကို ပြောတဲ့ စကားတစ်ခွန်း ရှိပါတယ်။ 'India is at the center of the world' တဲ့။ ဟုတ်ပါတယ်။ အိန္ဒိယအခြေပြု စီးပွားရေးလုပ်ငန်းတွေက တစ်ကမ္ဘာလုံးကို ဖြန့် ကျက်ထားပါတယ်။ နည်းပညာ၊ သန်းကြွယ်သူဌေးတွေ တိုးတက်လာတဲ့ အိန္ဒိယဟာ ရုပ်ရှင်မှာလည်း slumdog millonaire ကို မှတ်တိုင်တစ်ခုအဖြစ် စိုက်ထူလိုက်ပြန်ပါတယ်။ ဒါတွေဟာ ကျွန်တော် ဒီကဗျာရေးဖြစ်ဖို့ စေ့ဆော်တဲ့အကြောင်းတရားတွေကို ပြောပြနေတာပါ။ မိတ်ဆွေတို့ လည်း ဝေဖန်အကြံပြုနိုင်ပါတယ်။

Monday, March 16, 2009

ဆောင်းရတု

မလင်းခင်က
အတင်းလျှင်ထလို့ 
ဇီးပင်တဲအောက်
ထင်းခြောက်စုပုံ
မီးလှုံရှာကြ။
မီးဖိုနံဘေး
ကလေးကစုံ
ခွေးကအုံ
ဂုန်နီအိတ်ခင်း အတင်းစုလို့ ပြုံ။
ထန်းမြစ်တစ်တွဲ
ပြာထဲမှာမြှုပ်
ဖုတ်သူဖုတ်
မှုတ်သူမှုတ်
မှုတ်ရင်းလဲဖော်
ခေါင်းကျက်ရင် ရပြီနော်တဲ့
တပျော်တပါး မျှလို့ စားကြ။
လေညှင်းရယ်သုန်
နှင်းမှုန်ကဝေ့၀ဲ။
လမ်းအကြုံ ချမ်းတုန်ရင်ဝင်ခဲ့တော့
ယာအပြင် မဂျီးညို့ညို့ ဇီးချုံတဲဆီက
(ဘိုကေတာရယ်) အရီးတို့ မီးလှုံတဲ့ပွဲ။

မောင်လင်းကြည်

မဂျီး=မန်ကျည်း

ကျွန်တော်ချစ်တဲ့ ကဗျာတွေထဲမှာ အညာဆိုလည်း အညာဓလေ့၊ တောင်ပေါ်ဆိုလည်း တောင်ပေါ်ဓလေ့ ပေါ်လွင်တဲ့ဒေသဖွဲ့ ကဗျာလေးတွေလည်း ပါပါတယ်။ ကဗျာဆရာဟာ ဒေသအသိ(sense of place)ပိုင်နိုင်ရမယ် လို့ ဖတ်ဖူးပါတယ်။ ဒါကြောင့် ဒေသဖွဲ့ ကဗျာလေးတွေဆိုရင် ကျွန်တော် ဘယ်လိုကြိုက်မှန်းမသိပါဘူး။ ကဗျာအရေးအသားက လှပပေါ်လွင်နေမယ် ဆိုရင်ပေါ့လေ။ အခု တင်လိုက်တဲ့ကဗျာက ဆရာကိုတာ စီစဉ်ထုတ်ဂေတဲ့ ၂၀၀၉ ဖေဖော်ဝါရီလထုတ် ချင်းတွင်းမဂ္ဂဇင်းထဲက ကဗျာလေးပါ။ သင်္ကြန်ရောက်တော့မယ့်ကာလမှာ ဆောင်းကဗျာကြီးတင်ရလား ဆိုပြီး အပြစ်ဖို့ ရင်လည်း ခံရမှာပါ။ မြန်မာဆန်တဲ့ ကဗျာလေး ခံစားစေချင်တဲ့ဆန္ဒကို မအောင့်အီးနိုင်တော့လို့ ပါ။

Sunday, March 15, 2009

သောကြာနေ့ တိုင်း

ဖြစ်ရိုးဖြစ်စဉ်မို့ 
ကိုယ့်အတွက်က
မဆန်းပြားတော့ပါဘူးကွယ်။
သုညတွေသေသေနေကြမို့ 
မြှုပ်ပစ်လိုက်ရမှာလည်း နှမြောတယ်။
မိုနေးရဲ့ပန်းချီကားကို ဂါဝန်ချုပ်ဝတ်ချင်တဲ့ ကောင်မလေးရေ
ဒီနေ့ တိုင်း မျက်နှာလာပြပါ။
ဒါဟာ ငါ့ရဲ့ညနေစာကွဲ့ ၊
အကြောင်းမသိသူတွေသာ အိမ်ပြန်ကြတဲ့ရာသီမို့ 
ကိုယ့်ခမျာ ဆွဲခေါ်ရမှာလည်း အားနာ။
ပြချင်တာ ညပါ။
ညဟာ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အကြောင်းပါ။
ညဟာ ဂစ်တာတီးပြီး သီချင်းဆိုတဲ့အကြောင်းပါ။
ညဟာ စစ်တုရင်ကစားတဲ့အကြောင်းပါ။
ညဟာ ၀တ္ထုဖတ်တဲ့အကြောင်းပါ။
ခြွင်းချက်က
ညဟာ ဘီယာမသောက်ဘူး။
ဂိမ်းမကစားဘူး။
ကိုယ်အဖို့ ကတော့
ညကို သံယောင်လိုက်ရင်း
အချိန်မှန်အိပ်ရာဝင်ဖြစ်တယ်။

လုလင်ငယ်သွေး

ကျောင်းသားဘ၀က ရေးထားတဲ့ကဗျာတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်။ ခံစားမှုက အကန့် အသက်ရှိပေမယ့် ခံစားရလိုရငြား တင်ပေးလိုက်ပါတယ်။

Monday, March 9, 2009

အကြောင်းကြားစာ

အိမ်ပြန်ချင်စိတ်က နူးညံ့သိမ်မွေ့ ပြီး
အိမ်ရောက်ဖို့ လုံ့ လ၀ီရီယက ကြမ်းတမ်းတယ်။
ဟိုးခပ်ငယ်ငယ်
ချောင်းကမ်းနံဘေးဆော့ကစား
မြွေကြိုက်တဲ့ခရာချုံခရာသီး ခူးစားသလို
ဘ၀က အဆိပ်နားနီးတယ်။
ငါ့လက်ဖျံရိုးနှစ်ချောင်းပေါ်က ရန်ကုန်မြို့ ကြီး
လေးလှတယ်။
ဥသြသံတွေထဲ
ငါ့နာမည်မပါနိုင်သေးဘူးလား။
ဒဏ်ရာရခရုတစ်ကောင်
နံရံလို
ဓားကို တွယ်တက်နေဆဲပေါ့ မေမေ။

ခိုင်မြဲကျော်စွာ

ကြိုက်မိတဲ့ကဗျာတွေမှာလည်း လာလည်တဲ့သူတွေရှိတာတွေ့ တော့ ဒီတစ်ပုဒ်ကိုလည်း ကဗျာမရေးနိုင်ခင်မှာ အဆာပြေတင်ဆက်ပေးလိုက်ပါတယ်။ ရင်ဘတ်ချင်းတူမတူ ခံစားကြည့်ဖို့ ပါ။

Wednesday, March 4, 2009

တန့် ကြည်တောင်

ဇာတ်လမ်းအရ
တောနှင့်တောင်က အချိတ်အဆက်မမိလေတော့
စကားဝါပင်လို တိတ်တိတ်ကြွေနေရကြောင်း
ချိတ်ဆွဲထားတဲ့ခေါင်းလောင်းလို တိတ်တိတ်နေရကြောင်း
မြစ်မင်းကို မှန်ထောင်ပြမိတယ်။
ရင်ပြင်တော်မှာ
ကလေးလေးတွေက လေယာဉ်ပျံရှပ်ထိုးကစားလို့ ။
အစီအစဉ်အရ
နေရောင်က ငါးတစ်ကောင်ကို ဆလိုက်ထိုးမပြတော့
စိတ်နဲ့ 
စေတီဟောင်းကို ထုံးဖြူဖြူသုတ်ပြီးကြောင်း
ခြေတော်ရာကို ရွှေအတိချပြီးကြောင်း
မြစ်မင်းကို မှန်ထောင်ပြရင်း
ရနံ့ တစ်ခု၏တစ်နေ့ တာ
ကျောက်သားမှာ မင်ပြာနဲ့ ရေးခဲ့တယ်။

ခင်ဇော်မြင့်

ကြိုက်မိတဲ့ကဗျာတွေ ရေးဖို့ စဉ်းစားတော့ ဆရာဝင်းမြင့်တို့ ၊ ဆရာစည်သူငြိမ်းတို့ ကဗျာတွေတင်ဖို့ စိတ်ကူးပါသေးတယ်။ ဒါပေမယ့် အတွေ့ ရနည်းတဲ့ ဆရာခင်ဇော်မြင့်ရဲ့ကဗျာလေးတစ်ပုဒ်ကိုပဲ တင်ဆက်ပေးလိုက်ပါတယ်။ ရင်ဘတ်ချင်းတူမတူ ခံစားကြည့်ကြဖို့ ပါ။

Saturday, February 28, 2009

မိသားစုကို ရွာတဲ့မိုး

အလွမ်းက သည်းလေသလား
မိုးကပဲ မစဲလေသလား
တစ်ကိုယ်တည်းရွာတဲ့မိုးက
မေမေ့ကိုပဲ စိုပေါ့
ညီလေးနဲ့ ညီမလေး
ဘယ်သူထီးဆောင်းပေးမှာလဲ
မေမေ့ကိုသာချစ်ပြီး
ဘ၀ကိုမချစ်တဲ့ ဖေဖေကတော့
တစ်ကိုယ်စာလုံခြုံမှုလေးထဲ မိုးခိုနေရော့မယ်
ညနေရောက်လို့ ရွာပြီဆို
မိုးအေးအေးကို တို့ (မြှုပ်)စားကြတဲ့ ထမင်းဝိုင်းလေးသတိရ
လက်ဆုံမကျတဲ့ဘ၀တွေက
ဒီလိုပဲ စားမမြိန်တော့ဘူးလား
လွမ်းတယ်မေမေရယ်
ဘ၀က ပက်ကြားအက်တာတောင်
ဒီမိုးက သည်းလို့ ကောင်းတုန်း။

လုလင်ငယ်သွေး